ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေးအတွက် ညောင်ရွှေမြို့နယ်အတွင်း ရေထိန်းတာပေါင် ကျိုးပေါက်ခြင်းလုပ်ငန်း၊ မြေထိန်းနံရံ ကျောက်စီခြင်းလုပ်ငန်း၊ စနစ်တကျလယ်ယာမြေဖော် ထုတ်ရေးလုပ်ငန်းများ၊ သာစည်ကန် သဲနုန်းတူးဖော်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ အင်းတိန်ရေလွှဲဆည် ယာဘက်ရေလျှံထိန်းတာပေါင် ကျိုးပေါက်ခြင်းအား ၂၀၂၅-၂၀၂၅ ပြည်နယ်ရန်ပုံငွေ ၆၅ သန်းဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် အင်းတိန်ရေလွှဲဆည် Outfall ပိုင်းကြမ်းခင်း အလျား(၉၂)ပေ၊ ပျမ်းမျှအကျယ်(၈၂)ပေ၊ ထုထည်(၉)လက်မ concrete လောင်းခြင်းလုပ်ငန်း၊ လက်ဝဲဘက်ခြမ်း အလျား(၃၄၅)ပေ၊ အမြင့်(၈)ပေ၊ ကျောက်ရိုးထိပ်ဝအကျယ်(၂)ပေရှိ မြေထိန်းနံရံကျောက်စီခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက မြေထိန်းနံရံရေတိုက်စားမှု လျော့နည်းသက်သာစေရန် အင်းတိန်ချောင်းအတွင်း သဲနုန်းများ တူးဖော်ရန်လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည်  ရွာမချောင်း မြေထိန်းနံရံပျက်စီးမှုအား ပြုပြင်ရန် အလျား(၂၀၀)ပေ၊ အမြင့်(၈)ပေ၊ ထိပ်ဝအကျယ်(၂)ပေရှိ မြေထိန်းနံရံကျောက်ကြီးစီမည့် အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ဖောင်တော်ဦးမြတ်စွားဘုရား ဒေသစာရီ ကြွချီရာ၌ ရေလမ်းကြောင်း အတားအဆီးမရှိစေရေး စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ၊ စနစ်တကျ လယ်မြေဖော်ထုတ်ရေး ဧက (၁၀၀) ကွင်းသို့ ရောက်ရှိရာ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး၊ တင်ပြမှုအပေါ်ပြည်နယ်ဝန်ကြီးက စနစ်တကျလယ်ယာမြေ ဖော်ထုတ်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ လိုအပ်သည့် စက်ယန္တရားများ အမြန်ဖြည့်ဆည်းဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ကြေးကိုင်ကျေးရွာ၊ တံတားနေရာသို့ ရောက်ရှိပြီး ညောင်ရွှေမြို့နယ် ရေးကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေရေးအတွက် တာယောချောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ကြည်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ထိုမှတစ်ဆင့် ညောင်ရွှေမြို့၊ သာစည်ကန်သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နှစ်အလိုက်လုပ်ငန်းဆောင်ရွက်ရန် လိုအပ်မည့် အခြေအနေများကို နှစ်အလိုက် ပိုင်းခြား၍ အစီအစဉ်ရေးဆွဲတင်ပြသွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် အမှတ်(၄) ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းရုံးရှိ Two Unit ဝန်ထမ်းလိုင်းခန်းများ ဆောင်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ သန့်ရှင်းသပ်ရပ်စွာနေထိုင်ရန်နှင့် စနစ်တကျစည်းကမ်းရှိစွာ နေထိုင်ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေအောင်