တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (တတိယပတ်) သို့ ပါဝင်ဆင်နွှဲ

ထားဝယ် ဒီဇင်ဘာ ၂၀

ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(တတိယပတ်)ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၈၇၁)ဦးတို့က ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဒီဇင်ဘာအားကစားလ စုပေါင်းလမ်း လျှောက်ပွဲကိုတာလွှတ်၍ ဖွင့်လှစ်ပေးပြီးလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရိအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၂ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကိုစုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲအပြီးတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများက အုပ်စုများခွဲ၍ လွန်ဆွဲပြိုင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသည့် အသင်းအား ဆုများပေးအပ် ချီးမြှင့်သည်။

စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများကို အာဟာရဖြည့်မုန့်များ ဝေငှပေးခဲ့ကြပြီး ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်း လျှောက်ပွဲ နောက်ဆုံးပတ်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ စနေနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)