ခိုလမ်မြို့၌ အဓိကသီးနှံများ ပန်းတိုင်းအထွက်နှုန်းမရသည့် အကြောင်းအရင်းကို စစ်တမ်းကောက်ယူ

ခိုလမ် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ မြေပြင်ကွင်းဆင်းစစ်တမ်းများ ကောက်ယူခြင်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ ခိုလမ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမျိုးမြင့်ဦးက ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေခံအချက်များကို လည်းကောင်း၊ စစ်တမ်းကောက်ယူမှု အခြေအနေများ အကြောင်းကိုလည်းကောင်း တက်ရောက်လာသော တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မ၊ ဟိုင်းလိုက်၊ တုန်ဟုန်း၊ နားပွဲကျေးရွာများရှိ စိုက်ပျိုးရေး တောင်သူ (၁၀၀) ဦး၏ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံများ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မပြည့်မီရခြင်း အကြောင်းအရာများအား မြေပြင်ကွင်းဆင်းမေးမြန်း၍ စစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)