နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်း နိုင်လွန်ကတ္တရာ(AC) ခင်းကျင်းနေမှုနှင့် လယ်ဝေးမြို့နယ်၊ ရွှေပြည်တော်ဝင်လမ်း H-1 လမ်း(ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း)အထိ မူလ(၂၄-ပေ)အကျယ်(၂)လမ်းသွား ကွန်ကရစ်လမ်းမှ(၄၈-ပေ) အကျယ်(၄)လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားလိုက် အရည်အသွေးပြည့်မီစွာအသုံးပြုရေး၊ ငလျင်ဘေး အပါအဝင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရွှေပြည်တော်ဝင်လမ်း (H1 လမ်း) တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းအား ကုမ္ပဏီသုံးခုခွဲ၍ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အောက်ခံမြေသားလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ လုပ်ငန်းတစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်၊ MSME လုပ်ငန်းများ၏ ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲကို တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုလိုပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြို့နယ်အလိုက် MSME ဈေးကွက်ပိုမိုရရှိရေး၊ မသိရှိသည့်ထုတ်ကုန်ပစ္စည်းများ ဒေသအလိုက် ပြည်သူလူထု သိရှိနိုင်အောင် မိတ်ဆက်ဖို့နှင့် နိုင်ငံတော်အဆင့်/ပြည်ထောင်စုအဆင့် အခမ်းအနားများ ကျင်းပရာတွင် ပါဝင်ပြသရန် အဆင့်သင့်အဆင်ပြေချောမွေ့စွာ ရောင်းချနိုင်ရေး ရည်ရွယ်ပါကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ယခုတပ်ကုန်းမြို့နယ်များတွင် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး ခင်းကျင်းပြသရောင်းချပေးလျက်ရှိပါကြောင်း၊ ကျန်ရှိမြို့နယ်များကိုလည်း MSME ပြပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အပြီး ဆက်လက်ခင်းကျင်း ပြသရောင်းချနိုင်ရေး လျာထားအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခုလိုကျင်းပပေးခြင်းဖြင့် မြို့နယ်တစ်မြို့နယ်နှင့်တစ်မြို့နယ် ထုတ်ကုန်ပစ္စည်းများ မြို့နယ်အလိုက် ချိတ်ဆက်အားကောင်းလာပြီးတော့ ဌာနအလိုက် ပြဌာန်းထားသည့် တည်ဆဲဥပဒေများအရ လိုက်နာရမည့် အလေ့အထ၊ ကျင့်ထုံးများကိုလည်း ပါဝင်လိုက်နာဆောင်ရွက်စေရန် စားသုံးသူ Label Law အရ Packaging ပါရမှာဆိုတာ မသိသေးတဲ့လူ သိရှိအောင် ဖော်ထုတ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းနှင့် မသိရှိသေးလျှင်လည်း သက်ဆိုင်ရာဌာနများမှ အသိပညာပေး ဆောင်ရွက်စေလိုပါကြောင်း၊ မူဝါဒပိုင်းဆိုင်ရာအနေဖြင့် MSME လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေး Agrobase Industry ကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် ထုတ်လုပ်မှုကဏ္ဍ ပိုမိုကျယ်ကျယ်ပြန့်ပြန့်  ဖြစ်ထွန်းလာပါမှ ဝန်ဆောင်မှု၊ ရောင်းဝယ်မှုတွေ ပိုမိုတိုးတက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားတဲ့ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆောင်ပုဒ်နှင့်အညီ ထုတ်လုပ်မှုကဏ္ဍ အဓိကထားပြီး ပိုမိုအားပေး ဆောင်ရွက်စေလိုပါကြောင်း၊ ဒါ့အပြင် MSME နှင့်ပတ်သက်ပြီး ချမှတ်ထားသည့် မူဝါဒတစ်ခုဖြစ်သည့် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေး ပိုကောင်းရန်” အချက်ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်နှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးကို အစီအမံများထားရှိ အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တပ်ကုန်းမြို့နယ် MSME အသင်းမှ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အား ဒေသထွက်ကုန်ပစ္စည်းများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးမှ ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များပြောကြားခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးမှ ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များပြောကြားခြင်းနှင့် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းမှ မူပိုင်ခွင့်ရေးရာနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့် တက်ရောက်လာကြသူများမှ တပ်ကုန်းမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲမှ ခင်းကျင်းပြသထားသည့် ထုတ်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

တပ်ကုန်းမြို့နယ် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲတွင် ပြိုင်ပွဲပစ္စည်း ၁၁ မျိုး၊ ပြပွဲပစ္စည်း ၄၅ မျိုးတို့ဖြင့်  ဒီဇင်ဘာလ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ပြသရောင်းချမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ နောင်တင်ခါး အခြေခံပညာအလယ်တန်းကျောင်း အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အမျိုးသားအလွတ်တန်းဘောလုံး အားကစားပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးပြီး ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး FOX FC အသင်းနှင့် Point-6 FC အသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ရာ FOX FC အသင်းမှ Point-6 FC အသင်းအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)