၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ (တတိယအကြိမ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ၌ လူဦးရေ (၅၀၀၀)ကျော် ပါဝင်ဆင်နွှဲ

ချမ်းအေးသာစံ ဒီဇင်ဘာ ၂၀

တစ်မျိုးသားလုံး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး၊ အမျိုးသားအားကစားအဆင့်အတန်း မြင့်မားစေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ (တတိယအကြိမ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေးနန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဥ်၌ ယနေ့နံနက် (၆)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က တာလွှတ်နေရာမှ သေနတ်ပြစ်ဖောက်ကာ စတင်တာလွှတ်ပေးခဲ့ပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြသော ပြည်သူလူထုစုစုပေါင်အင်အား (၅၀၀၀)ကျော်မှ (၁၉)လမ်း ဦးထိပ်တံတားထိပ်မှ ကျုံးအရှေ့တောင်ဘက်အထိ စုပေါင်းလမ်းလျှောက်ခြင်းနှင့် Physical Fitness Dance များဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ (တတိယအကြိမ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)