ထားဝယ် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ပူးပေါင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများမှဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ချမ်းသာကြီးကျောင်းဆရာတော် ဦးသုန္ဒရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် ကက်သလစ်ဘုန်းတော်ကြီး ဖာသာဂျိုးဇက်သိန်းခင်တို့က ကရင်အမျိုးသားနှစ်သစ်ကူးနေ့မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ကရင်တိုင်းရင်းသားကိုယ်စားလှယ်တော်ကြီးများက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနပြခန်း၊ ကရင်ရိုးရာယဉ်ကျေးမှုပြခန်းနှင့် တိုင်းရင်းသားစာအုပ်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းရင်းသား/တိုင်းရင်းသူများ၊ ဈေးဆိုင်ရောင်းချနေသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင်တိုင်းရင်းသား/သူများက ကရင်ဒုံးယိမ်းအက၊ တပင်တိုင်အက အပါအဝင်တိုင်းရင်းသားအကအလှပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒေသခံပြည်သူများက လာရောက်ကြည့်ရှုအားပေးလျက်ရှိသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင်တိုင်းရင်းသား/သူများ၊ ဒေသခံပြည်သူများ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)