ကျောက်ဆည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် ယမန့်နေ့နံနက်ပိုင်းကစတင်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ၂၅၅၄ ပိသာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားအုန်းဆီများကို Resources Group Trading Co, Ltd မှ ရည်ညွှန်းဝယ်ဈေးတစ်ပိသာ ငွေ ၆၁၄၀ ကျပ်ဖြင့် ဝယ်ယူခဲ့သည့် စားအုန်းဆီများဖြစ်ပြီး ဦးတင်အောင်လင်း(အမေထွား) ဆီအရောင်းဆိုင်မှ သင်္ဂတုံကျေးရွာပြည်သူများအား ၂၂၀ ပိဿာ၊ ဦးနန်းဦး(နဒီဧရာ) ဆီအရောင်းဆိုင်မှ အေးမြကြည်လင် ရပ်ကွက်၊ ထနောင်တပ်ကျေးရွာနှင့် မိုင်းမောတပ်နယ်ပြည်သူများအား ၃၃၀ ပိဿာ၊ ဒေါ်သက်သက်မွန် (အနန္ဒဂုဏ်) ဆီအရောင်းဆိုင်မှ ကတဲကျေးရွာနှင့်မိုင်မောတပ်နယ် ပြည်သူများအား ၂၂၀ ပိဿာ၊ ဒေါ်သဇင်အောင်(နေလသုခ) ဆီအရောင်းဆိုင်မှ ငပြောင်၊ ဈေးကုန်း၊ နောင်ခမ်းကျေးရွာပြည်သူများအား ၆၈၄ ပိဿာ၊ ဒေါ်သီတာ(စစ်ငြိမ်း) ဆီအရောင်းဆိုင်မှ ချောင်းဆုံပြည်သူများအား ၂၂၀ ပိဿာ၊ ဒေါ်ကေဇာခိုင်(ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ မြင်းကဘက်ကျေးရွာပြည်သူများအား ၂၂၀ ပိဿာ၊ ဒေါ်စန်းစန်းဌေး(နေလသုခ-၂) ဆီအရောင်းဆိုင်မှ ဈေးတန်း၊ မင်းရပ်ရပ်ကွက်ပြည်သူများအား ၆၆၀ ပိဿာ စုစုပေါင်း စားအုန်းဆီ ၂၅၅၄ ပိဿာရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတွင် ကျောက်ဆည်မြို့နယ်မှ စားသုံးဆီ အရောင်းဆိုင်များသာမက စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ဆီအရောင်းဆိုင်များပါဝင်ခဲ့ပြီး အဆိုပါ ဆီအရောင်းဆိုင်များမှ သက်ဆိုင်ရာမြို့နယ်များအတွင်းရှိ ပြည်သူများအား စားအုန်းဆီများကို ရည်ညွှန်းဈေးများဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)