ထားဝယ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှပ်နှံမှုသည် အမှန်တကယ် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အကူအညီများကို ဝိုင်းဝန်း၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝဥစက်ရုံဆောက်သည့်ကိစ္စရပ်နှင့် ပတ်သက်၍ လျှပ်စစ်မီးအသုံးချမှုတွင် သက်ဆိုင်ရာတာဝန်ရှိသူများ စက်ရုံများစွာပေါ်ထွက်လာပါက တိုင်းဒေသကြီး အတွက် အကျိုးများစွာ ဖြစ်ထွန်းသောကြောင့် ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုများမှ တစ်ဆင့် ကုန်ချောလုပ်ငန်းများအဆင့်အထိရောက်ရှိအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်မည်ဟု ကြားသိရသည့်အတွက် တိုင်းဒေသကြီးအနေဖြင့် အကျိုးများစွာ ရရှိမည်ဖြစ်သောကြောင့် တက်ရောက်လာသူများက ဝိုင်းဝန်းပြီး အကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Na Yon Co., Ltd. က တလိုင်းယာကြေးတိုင်ပြင်ကွင်း၊ တလိုင်းယာကျေးရွာအုပ်စု၊ ရေဖြူမြို့နယ်၊ ထားဝယ်ခရိုင်ရှိ ဥယျာဉ်မြေဧရိယာ (၅) ဧကတွင် ဝဥအလွှာခြောက်နှင့်အမှုန့်ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းအားလည်းကောင်း၊ Bioenergy & Power Manufacturing Co., Ltd. က ကံပုံအုလုကြေးတိုင်ပြင်ကွင်း၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင်ရှိ ဥယျာဉ်မြေဧရိယာ (၂.၃၀) ဧက တွင် Bio Casio Mass ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်းအားလည်းကောင်း၊ MMML Co., Ltd.က ကနိုင်းဒါကွင်း၊ ကနိုင်းဒါကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်၊ ထားဝယ်ခရိုင်ရှိ ဥယျာဉ်မြေဧရိယာ (၀.၁၈) ဧကတွင် ဝဥအလွှာအခြောက်ခံလုပ်ငန်းအားလည်းကောင်း ရှင်းလင်းတင်ပြကြရာတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)