ထားဝယ်တက္ကသိုလ်၌ “ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၁၇

ဥပဒေပညာ တိုးပွားစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေ၏ အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၏ အရေးပါပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ သိရှိနားလည်စေနိုင်ရန်နှင့် အသိပညာများတိုးပွားစေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက “ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား”ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက တက္ကသိုလ်များသည် ကာယ၊ ဉာဏ၊စာရိတ္တ ဘက်စုံဖွံ့ဖြိုးသော ဗလငါးတန်နှင့်ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်နေသော ပညာရေးရပ်ဝန်းဖြစ်ကြောင်း၊ ဉာဏ ဗလဖွံ့ဖြိုးရန်အတွက် ခေတ်မှီသင်ရိုးညွှန်းတမ်းများဖြင့် Project Base Learning  သင်ကြားသင်ယူမှုစနစ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များ၏ သုတေသန၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၏ အရေးပါပုံများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံး သိရှိနားလည်နိုင်လိုသောဆန္ဒဖြင့် ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောပြောပွဲတွင်ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာနုနုရီက “Intellectual Property Rights, Research and University” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်ဌေးအိက “The Important of Environmental Plastic Pollution “ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

အဆိုပါအခမ်းအနားသို့ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦး၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)