ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကိတ္တိသာရ (မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ)၊ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစာရိတ္တ (မဟာဂန္ထဝါစကပဏ္ဍိတ) နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ဝိနည်းဓိုရ်သင်တန်းနည်းပြ သံဃာတော်အရှင်သူမြတ်များနှင့် သင်တန်းတက်ရောက်ကြမည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်တိုင်းအကျိုးတော်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကိတ္တိသာရ (မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ) မှ ဩဝါဒါမိန့်ကြားခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစာရိတ္တ (မဟာဂန္ထဝါစကပဏ္ဍိတ) မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား မိန့်ကြားသည်။

ထို့နောက် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး “ဗုဒ္ဓသာသနံစိရံသိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းအား ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့ အထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)