သရက်ချောင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန်ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ် ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်အချက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများနှင့် တိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှုအခြေအနေများ စသည့်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများပါဝင်သည်။
အဆိုပါ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ၁၀၀၀၀ အား ပထမအကြိမ် ဖြန့်ဝေခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)