မြိတ်မြို့နယ်အတွင်း ပြည်သူများ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင် ဝေငှ

မြိတ်  ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက လမ်းသွားလမ်းလာများနှင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြသည်။

မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်တွင် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်မှုဖြင့် အနိုင်ယူပါခေါင်းစဉ်ဖြင့် မီးသုံးစွဲလျှင် ရှောင်ရန်ဆောင်ရန်များ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အချက်များ၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ပြုလုပ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါရှိသည်။

အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ဝေငှပေးရာ၌ မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကအဖွဲ့(၅)ဖွဲ့ခွဲ၍ လူစည်ကားရာ လမ်းဆုံများ၊ လမ်းကြီးများ၊ ဈေးများ၊ ရေဆင်းတံတားများတွင် လမ်းသွားလမ်းလာနှင့် ခရီးသွားပြည်သူများအား ဝေငှပေးကြပြီး အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်း(၄)ရင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူများအား ဝေငှပေးကြကြောင်း သိရသည်။  

ခိုင်ထူး (ပြန်/ဆက်)