မြိတ်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံ(၁၀)မျိုး အထွက်နှုန်း မကောင်းရခြင်းနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူ ဆောင်ရွက်

မြိတ်  ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး၏ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်းရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ယမန်နေ့မှစတင်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား တွေ့ဆုံ၍ စစ်တမ်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။

စစ်တမ်းကောက်ယူဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးဖြစ်သော မိုးစပါး/နွေစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ချက်ကြံရင့်တို့ကို အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့် စုံစုံမရခြင်း/မျိုးမကောင်းခြင်း၊ မြေပြုပြင်မှု အားနည်းခြင်း/မြေပြုပြင်ရန် လိုအပ်ခြင်း၊ လိုအပ်သည့် ဓာတ်မြေဩဇာ/သဘာဝမြေဩဇာ ပြည့်ပြည့်ဝဝမထည့် နိုင်ခြင်း/ငွေကြေး မတတ်နိုင်ခြင်း၊ မိုးကောင်းရေသောက် မိုးရေလုံလောက်စွာ မရရှိခြင်း/စိုက်ပျိုးရေ လုံလောက်စွာ မရရှိခြင်း၊ အောင်ရေမရရှိခြင်း/မလုံလောက်ခြင်း၊ ကောက်စိုက်သမ အခက်အခဲရှိခြင်း/ငှားရမ်းခဈေးကြီးခြင်း၊ ကောက်ကွက်ပြည့်အောင် မစိုက်နိုင်ခြင်း/ပင်ကြားတန်းကြား အပြည့်မစိုက်နိုင်ခြင်းစသည့် သတ်မှတ်အချက်များဖြင့် စစ်တမ်းကောက်ယူ‌ ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ စစ်တမ်းကောက်ယူခြင်းကို ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း မကောင်းရခြင်း အကြောင်းရင်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းကောက် ဝန်ထမ်းများက တောင်သူများအားတွေ့ဆုံ၍ စိစစ်မေးမြန်း စာရင်းကောက်ယူဆောင်ရွက်လျက်ရာ စာရင်းများ သေချာတိကျ မှန်ကန်ရေးသတ်မှတ်အချိန်အတွင်းပြီးစီးရေးကို ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများမှ အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စစ်တမ်းများကို စိုက်ပျိုးရေးဦးစီးဌာန ဒု-လက်ထောက်ဦးစီးမှူး(၁)ဦးလျှင် တောင်သူ(၁၀၀)ဦးနှုန်းဖြင့် စုစုပေါင်း တောင်သူ (၁၂၀၀)ဦးအား စစ်တမ်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)