မြိတ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိသော မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် ဧရာနဒီ FC ကလပ်အသင်းနှင့် မြို့မ FC ကလပ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြ သည်။ ပြိုင်ပွဲတွင် မြို့မ FC ကလပ်အသင်းက ဧရာနဒီ FC ကလပ်အသင်းအား (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက်တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်လူကြီးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအားအမှတ်တရလက်ဆောင်၊ ပြိုင်ပွဲတလျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆု၊ ဂိုးသွင်းအများ ဆုံးဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် ဒုတိယရရှိသော အသင်းအားလည်ဆွဲဆုနှင့် ငွေသားဆုကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပထမရရှိသောအသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးဦးက ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ(၂၉)ရက်မှ ဒီဇင်ဘာ(၁၆)ရက်အထိ ကျင်းပခဲ့ကာ ပြိုင်ပွဲဝင်အသင်း (၁၂) သင်း ပြိုင်ပွဲဝင်အားကစာသမား(၂၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)