ထားဝယ် ဒီဇင်ဘာ ၁၇
၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ မျှော်အင်းလမ်းသွယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်သည်။
ဦးစွာထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာမှူး ဦးနေမျိုးက မျှော်အင်းလမ်းသွယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာတို့က ဗျောတောဝရပ်ကွက်၊ မျှော်အင်းလမ်းသွယ် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အထိမ်းအမှတ်လက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ ရပ်ကွက်နေပြည်သူဦးစန်းဝေက ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ဖျော်ဖြေတီးခတ်ဖျော်ဖြေပေးသော ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး မျှော်အင်းလမ်းသွယ် ကွန်ကရစ်လမ်းသစ်အား လမ်းတစ်လျှောက် လိုက်လံကြည့်ရှုသည်။
ယခုဖွင့်လှစ်သည့် မျှော်အင်းလမ်းသွယ်သည် ဗျောတောဝရပ်ကွက်၊ လေယာဉ်ကွင်းလမ်းနှင့် မျှောအင်းလမ်းအကြားတွင် တည်ရှိပြီး ယခင်လမ်းသည် ၈ပေ ခန့်သာအကျယ်ရှိကာ မြေသာလမ်းဖြစ်ပြီး ညီညာမှုမရှိသော ကြောင့် ဒေသခံပြည်သူများအနေဖြင့် ဝင်ထွက်သွားလာ အသုံးပြုသည့်အခါတွင် အဆင်မပြေမှုများရှိကြောင်း သိရသည်။
ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေကျပ် (၁၃၉) သန်းဖြင့် အရှည် ၉၅၀ ပေ၊ အကျယ် ၁၂ ပေရှိကွန်ကရစ်လမ်းသစ်အား အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသစ်အား ဖောက်လုပ်ဆောင်ရွက်ပေးနိုင်မှုကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)