နေပြည်တော်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁ဝ)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိရာ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် လယ်ဝေးခရိုင်ဦးစီးမှူး ဦးသန်းကိုတို့သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ပေတုန်းမြောင်ကျေးရွာတွင် စာရင်းကောက်ယူမှုများ ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါစာရင်းကောက်ယူရာတွင် မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများက အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံမရရှိခြင်း၊ မျိုးမကောင်းခြင်း၊ မြေပြုပြင်မှုအားနည်းခြင်း၊ မြေပြုပြင်ရန်လိုအပ်ခြင်း၊ လိုအပ်သည့်ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ပြည့်ပြည့်ဝဝ မထည့်သွင်းနိုင်ခြင်း၊ ဝယ်ယူရန် ငွေကြေးမတတ်နိုင်ခြင်း၊ မိုးကောင်းရေသောက်များ မိုးရေလုံလောက်စွာမရရှိခြင်း၊ စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း၊ အပင်အောင်ရေမရရှိခြင်း၊ မလုံလောက်ခြင်း၊ ကောက်စိုက်အခက်အခဲရှိခြင်း၊ ငှားရမ်းခဈေးကြီးပေးရခြင်း၊ ကောက်ကွက်ပြည့်အောင် မစိုက်ပျိုးနိုင်ခြင်း၊ ပင်ကြားတန်းကြားများ အပြည့်မစိုက်ပျိုးနိုင်ခြင်း စသည့်အချက်များကို တောင်သူများအား မေးမြန်းကာ စာရင်းရေးသွင်း ကောက်ယူခဲ့ကြသည်။

အလားတူ တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စု ၄၉ အုပ်စုတွင် မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများက ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁ဝ)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်