နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၇

အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့‌နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အမိုးများပျက်စီးနေမှုအပေါ် ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမ‌ကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် မြောက်ကျောင်းစုကျေးရွာတို့ရှိ မီးသတ်ရေကန်များအား သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍  လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာကျေးရွာအုပ်စု၊  ရှမ်းစု(အရှေ့)ကျေးရွာနှင့် ရဲဒီကျေးရွာသို့ ဆက်သွယ်သောလမ်း (၀/ ၀ ဒသမ ၅)မိုင်အား ရွှံ့နွံများကိုဖယ်ထုတ်၍ မြေသားတာဘောင်တင်ခြင်း၊ (၀/၇ ဒသမ ၁၈)မိုင်အား ကျောက်ရောမြေခင်းကြိတ်ခြင်း၊  ခွဲကျောက်အသုံးပြု၍ ခင်းကြိတ်ခြင်းနှင့် အပွန်းခံလွှာခင်းကြိတ်၍ ကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ဖောင်တော်ချက်မကန်သို့ ရောက်ရှိပြီး ကန်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့၊ ကျက်သရေဆောင် သမိုင်းဝင် “ဖောင်တော်ချက်မ” စေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီး ပြန်လည်ပြုပြင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့‌ကြောင်းသိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)