အမရပူရ ဒီဇင်ဘာ ၁၆
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ်၊ တပ်ဖွဲ့ဝင်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်အကြံပေးအဖွဲ့ကောင်စီဥက္ကဋ္ဌ ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်တို့ကို ပြောကြားသည်။ ထို့နောက် အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်မှူးဗိုလ်ကြီး ဟန်ဝင်းဇင်က တက္ကသိုလ်လေ့ကျင့်ရေးတပ်များ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ စစ်ကြိုခေတ် တက္ကသိုလ်လေ့ကျင့်ရေးတပ်များ ဆောင်ရွက်မှုအခြေအနေ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်အဖြစ် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှတပ်ဖွဲ့ဝင်များ၏ စစ်မှုထမ်းစည်းမျဉ်းနှင့် ရပိုင်ခွင့်များသတ်မှတ်ပေးထားမှု၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် တိုးချဲ့ဖွင့်လှစ်နိုင်မှုအခြေအနေ စသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တက္ကသိုလ်လေ့ကျင့်ရေးတပ် မိုးရာသီစခန်းချသင်တန်းသို့ တက်ရောက်ခဲ့သည့် စံပြဆုရရှိသူ မဆောင်းဟေမာန်တိုး (နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်)နှင့် သေနတ်ပစ် လက်ဖြောင့်ဆုရရှိသော မောင်ပိုင်ဖြိုးကျော်(ဘူမိဗေဒဘာသာရပ်)တို့က စခန်းချသင်တန်းအတွေ့အကြုံများကို ပြန်လည်ရှင်းလင်းမျှဝေခဲ့ကြသည်။ ထို့နောက် တက္ကသိုလ်အရန် လေ့ကျင့်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်အရာရှိ ဒုဗိုလ် ဆရာမ ဒေါ်တင်တင်မိုးဦးက သင်တန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲနှင့်သက်ဆိုင်သည့် မေးခွန်းများကို မြေးမြန်းရာ အဖြေမှန်ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောက်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်အကြံပေးအဖွဲ့ကောင်စီဥက္ကဋ္ဌ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ အရာရှိစစ်သည်တပ်ဖွဲ့ဝင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသားဟောင်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)