ကော့သောင်း ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂ဝ၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးရဲမြတ်တင့်က “မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုအကြိမ်နှင့် ပြင်းအားသည် အတိတ်ကာလနှင့်နှိုင်းယှဉ်လျှင် သိသိသာသာ ပြင်းထန်များ ပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဆိုသည့် စကားအတိုင်း ကြိုတင် ပြင်ဆင်မှုဖြင့်သာ သဘာဝဘေးကို ရဲရဲဝံ့ဝံ့ကြံ့ကြံ့ခံရင်ဆိုင်ကြရမည်ဖြစ်ပါကြောင်း၊ သဘာဝ ဘေးများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ပျက်စီးမှုနှင့် အသက်ဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းစေရန်နှင့် ပိုမိုကောင်းမွန်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို ရရှိစေရန်အတွက်ရှိရင်းစွဲ ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းသိမ်းနိုင်ရန် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရန်လိုအပ်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် အပြည့်အဝအားပေး တိုက်တွန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ပြီး သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းပြုလုပ်ပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့် နည်းလမ်းများ သိရှိစေရန်နှင့် ဘေးဖြစ်လာလျှင် အချိန်နှင့်တပြေးညီ ပြန်လည်တုံ့ပြန်နိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ရပ်ရွာများမှာ ရရှိနိုင်သည့် လူ့စွမ်းအားစုများကို သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကိုယ်တိုင်ဦးဆောင် ပါဝင် ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အပြင် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံတုံ့ပြန် ဆောင်ရွက်နိုင်သည့် ရပ်ကွက်၊ ကျေးရွာများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း" အမှာစကားပြောကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးဦးနေယုက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂ဝ၂၅)တွင်ဌာန အသီးသီးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များ၊ သဘာဝဘေးအမျိုးအစားများ၊ ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံမီးဘေးအန္တရာယ်များ၊ ရှေးဦးသူနာပြုစုခြင်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာများကို သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား ဒီဇင်ဘာ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)