မိတ္ထီလာတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁၆

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါတက္ကသိုလ်ရှိ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဦးစွာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူး ဆရာဆရာမများကို ကျောင်းသူ၊ ကျောင်းသားများနှင့် မိတ်ဆက်ပေးခြင်း ဆောင်ရွက်သည်။

ထို့နောက် ပါမောက္ခချုပ်ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်းတို့က ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။

၎င်းနောက် သိပ္ပံဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကိုယ်စား ကြိုဆိုနှုတ်ဆက်စကားနှင့် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာဝင်းမင်းဦးကလည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကိုယ်စား ကြိုဆိုနှုတ်ဆက်စကားနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို အင်္ဂလိပ်စာဌာနပါမောက္ခဌာနမှူး ဒေါက်တာအောင်ဆန်းဦးကလည်းကောင်း၊ သင်တန်းရေးဌာနနှင့် သက်ဆိုင်သည့်သိသင့်သိထိုက်သည်များကို သင်တန်းရေးရာဌာနမှူး ဒေါ်စန်းစန်းညွန့်ကလည်းကောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ