နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာအုပ်စုတွင် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရှမ်းစုအရှေ့ကျေးရွာနှင့် ဒက္ခိဏသီရိမြို့နယ်၊ ရဲဒီးကျေးရွာသို့ ဆက်သွယ်သည့်လမ်းအား၊ အရှည်ပေ ၀/၇. ၁၈မိုင်၊ အကျယ်၁၆ ပေရှိ ကျောက်ချောလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ရှမ်းစုကျေးရွာအနီးဆင်အုံကန် HR-1 (ရေထုတ်ပေါက်-၁) မြောင်းအားတိုးချဲ့၍အရှည်ပေ ၃၀၀‌အား ကျောက်ကြီး လိုင်နင်စီခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေပိုမိုရရှိစေရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်နှင့် အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ ရှား‌ချောင်းကျေးရွာအနီးတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ပြည်မဒန်း ဆည်တူးမြောင်းမကြီးပေတိုင် ၁၅၆၀၀ ရှိ ရေဆိုးထုတ်အဆောက်အအုံပျက်စီးမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် မဒန်းဆည်တူးမြောင်းမကြီး ပေတိုင် ၁၇၈၀၀ ရှိရေဆိုးထုတ် အဆောက်အအုံပျက်စီးမှု ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေး(၅)မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်‌မှုနှင့်ပြီးစီးမှုတို့အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်သည်။ ဦးစွာ နေပြည်တော်ကောင်စီဝင်က လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးများကို ရပ်ကွက်၊ ကျေးရွာအလိုက် နေစဉ်ဆောင်ရွက်ရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တာဝန်ကျ‌ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မိမိတို့ဝန်ထမ်းများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆောင်ရွက်ရန်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်စသည်တို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အသီးသီးတင်ပြဆွေးနွေးသည်။

ဆက်လက်၍ လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်းအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လှူဒါန်းသည့် အလှူငွေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)