တိုက်ကြီးမြို့နယ်၌ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှောက်ပင်ကပ်(ဗမာစု) ကျေးရွာတွင် ကျေးရွာနေပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကျေးရွာတွင်း၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းတိုင်းတာစစ်ဆေးသည်။

တိုက်ကြီးမြို့နယ်၊ ရှောက်ပင်ကပ်(ဗမာစု) ကျေးရွာတွင် ကျေးရွာတွင်းလမ်းအား အရှည် ၈၃၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Box Culvert တစ်စင်း အလျား ၆ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၆ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၉၀၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကွန်ကရစ်လမ်းပြီးစီးပါက ကျေးရွာတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)