ပျော်ဘွယ်မြို့နယ်တွင် “ဒို့အတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲရုံပြုလုပ်မည့်နေရာများအား ကြည့်ရှုစစ်ဆေး

ပျော်ဘွယ် ဒီဇင်ဘာ ၁၄

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၈ နာရီခွဲက ရန်အောင်ကျေးရွာရှိ လူစည်ကားသည့် ဈေးသို့သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သောအဖွဲ့သည် ပြည်သူ အာလုံးပါဝင်၍ဆန္ဒမဲပေးနိုင်ရန် “ဒို့အတူတူ မဲပေးကြမယ်”ဟူသော အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြပြီး ဈေးအရောင်းဆိုင်နံရံများတွင် ကပ်ထားကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများပါဝင်သောအဖွဲ့သည် မဲရုံအဖြစ်ကျင်းပပြုလုပ်မည့် ရန်အောင်ကျေးရွာအုပ်စုရှိကျေးရွာများ၊ စပါယ်ကုန်းအုပ်စုရှိကျေးရွာများ၊ ဆိတ်ချိုအုပ်စုရှိကျေးရွာများ၌ မဲရုံအဖြစ်ကျင်းပပြုလုပ်မည့် စာသင် ကျောင်းများအားကြည့်ရှုပြီး ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)