လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးပြိုင်ပွဲများ ပြုလုပ်

လိပ်သို ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ခြင်းဖြင့် ဗဟုသုတပြည့်စုံပြီး အသိဉာဏ်ပညာထက်မြက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရှိစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ထိုင်ခုံလုပြိုင်ပွဲ၊ ပူပေါင်းဖောက် ပြိုင်ပွဲ၊ ကျားကွက်ရွှေ့ပြိုင်ပွဲနှင့် ဖားခုန်ပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၆) ဦးက ပါဝင်ယှဉ်ပြိုင်ကစားကြပြီး မြို့ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များပေးဝေခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း