ဟိုပုံး ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ် စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင် ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ စာဖတ်ရှန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်တောင်းကျေးရွာရှိ နောင်တောင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင် အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းဦးက အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ် ရေသုံးသန့်ရှင်းရေး ပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ် အမှိုက်များဖြစ်သော ပလတ်စတစ်သုံး ပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများအစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူ များအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)