တာလေ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က တာလေမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ ရွာသူကြီးများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်ပြည်သူများ အားလုံးတိကျမှန်ကန်စွာ ပါဝင်စေရေး၊ မဲရုံများပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ မရှိစေရေးနှင့် မဲရုံလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်နှင့် မဲရုံသို့လာရောက်ရန် ခက်ခဲသော ကျေးရွာများရှိ ပြည်သူများအား မဲပေးနိုင်ရေးအတွက် လိုအပ်သော ကြို/ပို့ယာဉ်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး အစရှိသည်တို့ကို ရှင်းလင်းပြောကြားပြီး၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအစည်းအဝေးအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အစည်းအဝေးသို့ တက်ရောက်လာကြသူများအား “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)