ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးရန် ကြက်သွန်မျိုးစေ့များ စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း သိရပြီး ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန် ကြက်သွန်နီမျိုးစေ့များ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ပြီးရောင်းချရာတွင် ဆိပ်ဖြူနယ်၊ ရေနံချောင်းနယ်၊ မြင်းခြံမြို့နယ်များမှ အများဆုံးပျိုးထောင်ကာ မျိုးစေ့ရောင်းချကြကြောင်းသိရပြီး ဆောင်းကြက်သွန် စိုက်ပျိုးချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ကြက်သွန်နီမျိုးစေ့များ အရောင်းအဝယ်ဖြစ်ကြကြောင်း သိရကာ ကြက်သွန်နီ မျိုးစေ့တစ်ပြည်လျှင် ခြောက်သောင်းကျပ်မှ တစ်သိန်းသုံးသောင်းကျပ်အတွင်းသာ ရောင်းချရပြီး ယခုနှစ်ဆောင်းကြက်သွန်ပျိုးထောင်ချိန် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ကျပ်နှစ်သောင်းမှ ကျပ်ခုနှစ်သောင်းအထိသာ ရောင်းချရခြင်းကြောင့် ကြက်သွန်နီ ပျိုးထောင်ကာ မျိုးစေ့ရောင်းချသူများ ငါးနှစ်အတွင်းကြက်သွန်မျိုးစေ့အနိမ့်ဆုံး ဈေးနှုန်းဖြစ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီမျိုးစေ့ရောင်းချသည့် ဦးဖိုးကျော် ပြောကြားသည်။
ဆောင်းကြက်သွန်စိုက်ပျိုးရာတွင် နတ်တော်လ၊ ပြာသိုလတို့တွင် ကြက်သွန်နီပျိုးပင်များအား စိုက်မည့်စိုက်ကွင်းသို့ ပြောင်းရွေ့စိုက်ပျိုးကြကြောင်းလည်း သိရကာ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ချောင်းတစ်လျှောက်၊ ပုပ္ပားမြောက်ဘက်၊ စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများ၊ ရေဆုံး၊ ပွေးကျစ်ကျေးရွာများတွင် ဆောင်းကြက်သွန်နီများ ပျိုးထောင်နေပြီဖြစ်ကြောင်း သိရသည်။
ဒီပါလင်း