နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆောင်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်ဘေး ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပသည့် ဆောင်းသီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲနှင့် နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအား တစ်နှစ်သုံးသီး ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းစနစ်တကျစိုက်ပျိုးစေရေး၊ ပလပ်မြေမရှိအောင် စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် ရိတ်သိမ်းချိန်ဟန်ချက်ညီအောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်နိုင်ရေး၊ စိုက်ပျိုးရေများကို အကျိုးရှိရှိအသုံးပြုရေးနှင့် တာဝန်ရှိသူများအား တောင်သူနည်းပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြက်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့်  နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးတို့က ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆင်းရွှေကြာ (၂) နေကြာမျိုးစေ့များနှင့် လက်တွန်း (Drum seeder) စက်များကို တောင်သူများထံ ပေးအပ်ခဲ့ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ(KC)ခန်းမသို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက် ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုအား ကြည့်ရှုအားပေးခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက MEVM စက်ဖြင့် မဲပေးခြင်းအဆင့်အဆင့်တို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးသည့်စနစ်အား မဲဆန္ဒရှင်ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ရမည့်လုပ်ငန်းများအား လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေး ပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ခြင်းများ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာရှိ ဒေါ်ထိပ်တင်နှင်း၏ အမှတ်-၁ နှင့် အမှတ်-၂ခြံတွင်  ဇီဝဇိုးငှက် အကောင်ရေ ၁၃၀၀-ခန့် မွေးမြူထားရှိမှုနှင့် ငှက်သိုက်ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးရာ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဇီဝဇိုးငှက်သိုက်သည် ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်၍ နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ဇီဝဇိုးငှက်များ လာရောက် နားခိုကျက်စားခြင်းနှင့် နည်းပညာပေါင်းစပ်ခြင်းဖြင့် အဖိုးတန်ငှက်သိုက်များရရှိကာ မိသားစု စီးပွားရေးတစ်ဖက်တစ်လှမ်းမှ ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းကျေးရွာ(KC)၌ ကျင်းပသည့် ဆောင်းသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲနှင့် နေကြာနှင့်ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်စိုက်ပျိုးရေးတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ပုရွက်ဆိတ်ကုန်း ကျေးရွာအပါအဝင် ကျေးရွာအုပ်စု ငါးအုပ်စုအတွင်း နေကြာနှင့် ဆီထွက်သီးနှံ စိုက်ပျိုး ထားရှိမှုအခြေအနေများ၊ အထွက်နူန်းရရှိမှုအခြေအနေများ၊ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို အကျယ်တဝင့် ဆွေးနွေးတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက  တောင်သူများအား ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် သီးထပ်၊ သီးညှပ် သီးနှံပုံစံများဖြင့် မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်သောသီးနှံဖြစ်ကြောင်း၊ တစ်ဧကပန်းတိုင် အထွက်နှုန်း တင်း ၅၀ နှင့်အထက် ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲ စိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာအများဆုံးရရှိနိုင်သော ဆီထွက်သီးနှံဖြစ်ပါ၍ မျိုးကောင်း/ မျိုးသန့်များ ရွေးချယ်အသုံးပြုရန် လိုအပ်ကြောင်း၊ လယ်ယာနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို နည်းစနစ်တကျ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး၊ ဓာတုဓာတ်ကြွင်းကင်းစင်စေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းစနစ်တကျ စိုက်ပျိုးစေရေး၊ တောင်သူနည်းပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြက် ဆောင်ရွက်ပြီး တောင်သူများကိုယ်တိုင်လိုက်ပါကျင့်သုံးစေရေး အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ဆင်းရွှေကြာ (၂)၊ ပိုက်ဆံလျှော်၊ ထရိုင်ဂိုဒါးမားမြေဆွေးနှင့် ကျောက်မှုန့် မြေဩဇာများကို တောင်သူများထံပေးအပ်ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ စိမ်းလဲ့လွင်ခန်းမ၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်နေမှု အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ သစ်လေးလုံးကျေးရွာ၊ ကွင်းအမှတ် ၁၇ဝ၇၊ တောင်သူ ဦးဝင်းမောင်၏ လယ်မြေ ၅ ဧကတွင် ဆောင်းနေကြာအား အစေ့ချစက်ကိရိယာဖြင့် စိုက်ပျိုးနေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်းနေကြာစိုက်ပျိုးခြင်းနည်းလမ်းများ၊ မျိုးစေ့ချကိရိယာများ ဖြန့်ဝေအသုံးပြုမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များအား မျိုးစေ့ချစက်ကိရိယာဖြင့် ဆောင်းနေကြာ လက်တွေ့စိုက်ပျိုး ပြသပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့မဈေးရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော RCအတွင်း/အပြင်နှင့် ပတ်လည်အတွင်းရုံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် ဆိုင်ခန်းများ ဖွင့်လှစ် ထားရှိမှုများအားလှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများအမြန်ပြီးစီးစေရေး လူအင်အားတိုးမြှင့်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ထိခိုက်မှုမရှိစေရေးနှင့် အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများကိုသာ အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ဈေးဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အစဉ်တစိုက်ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က) သို့သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော (၄) ခန်းတွဲ၊ (၄) ထပ်အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန် စနစ်တကျစီမံဆောင်ရွက်ရေး၊ ငလျင်အပါအဝင်သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စချိန်စံညွှန်းများနှင့်အညီဖြစ်စေရန် တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)