ကျိုင်းလပ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျိုင်းလပ်မြို့၊ ဝမ်လုံဘုန်းကြီးကျောင်းတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာ များကိုလည်းကောင်း၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်မှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု သိကောင်းစရာများကို လည်းကောင်း၊ တာချီလိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်လင်းမောင်မောင်ဦးက သစ်တောထိန်းသိမ်းရေး သိကောင်းစရာများကို လည်းကောင်း အသိပညာပေး ဟောပြောပို့ချခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမှ ပြန်လည်ဖြေကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကျိုင်းလပ်မြို့ ဌာနဆိုင်ရာများ၊ မြို့သူ၊ မြို့သားများ ကျား(၆၇)ဦး၊ မ(၅၀)ဦး၊ စုစုပေါင်း (၁၁၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)