ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒဂုံအရှေ့ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ဒီဇင်ဘာ ၉ ရက်နေ့ နံနက် (၉) နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဈေးသွား၊ ဈေးလာပြည်သူများ၊ ဈေးဆိုင်များနှင့် လူစည်ကားသည့် ကားဂိတ်များတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်”၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

အေးမဉ္ဇူ