ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက အတက်ရောဂါစီမံချက်လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးလင်းထူးက အတက်ရောဂါစီမံချက်အကြောင်းနှင့် အတက်ရောဂါသည် ကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း၊ အတက်ရောဂါဖြစ်ပွားပုံများ၊ အတက်ရောဂါသည် မကူးစက်သော်လည်း အတက်ကျစေရန်မှားယွင်းသော အယူအများ မပြုလုပ်သင့်ကြောင်း၊ အတက်ရောဂါဖြစ်လာလျှင် လူတစ်ဦးတစ်ယောက်မှသည် မိသားစုတိုင်းအတွက် အရေးကြီးကြောင်း၊ ညွှန်ကြားထားသော အတက်ရောဂါဆေးများပုံမှန်သောက်လျှင် ရောဂါကိုထိန်းထားနိုင်ကြောင်း စသည်ဖြင့် အသိပညာပေးရှင်းလင်းပြောကြားသည်။

အဆိုပါအတက်ရောဂါစီမံချက်လုပ်ငန်းစတင်ခြင်းတွင် မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ စေတနာ့ဝန်ထမ်းများအား ဒီဇင်ဘာ ၁၁၊ ၁၂ နှင့် ၁၅ ရက်နေ့များတွင် တစ်ရက်စီသင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်း‌ဆွေးနွေးချက်များကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးအောင်