ကော့မှူးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟော‌ပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

ကော့မှူး ဒီဇင်ဘာ ၁

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြောကြားရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ လွတ်လပ်‌ရေးကို မြတ်နိုးတတ်စေရန် လွတ်လပ်ရေး၏ အဓိပ္ပါယ်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်၊ လွတ်လပ်ရေးအရယူပေးခဲ့ကြသော နိုင်ငံခေါင်းဆောင်များ၏ ကျေးဇူးကြီးမားပုံများကို ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစာပြိုင်ပွဲများအား ကျင်းပရာ အ.ထ.က (ကော့မှူး) ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ