တိုက်ကြီးမြို့နယ်၌ အတက်ရောဂါဆိုင်ရာစီမံချက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်မှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက အမျိုးသမီးများနှင့် ကလေးများအတွက် အတက်ရောဂါအကြောင်း သိကောင်းစရာများ၊ အတက်ရောဂါ၏ ရောဂါလက္ခဏာများ၊ တက်နေသောလူနာအား အရေးပေါ်ပြုစုကုသနည်း၊ အတက်ရောဂါရှိသူများအတွက် ဆောင်ရန်ရှောင်ရန်များ၊ အတက်ရောဂါနှင့်စပ်လျဉ်း၍ မှားယွင်းသောအယူအဆများနှင့် အတက်ရောဂါရှိသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုများကို အသိပညာပေးရှင်းလင်းဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဒေါက်တာမိုးစန္ဒာသိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စုနန္ဒာလှိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အတက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)