တိုက်ကြီးမြို့နယ်၌ Helpline ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူလူထုသိရှိစေရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

တိုက်ကြီး ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအကြား အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ Helpline ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်ကာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဗောဓိကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ ဆေးရုံလမ်းထိပ်၌ ပြုလုပ်သည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းကို လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းနှင့် ဝန်ထမ်းများ၊ တိုက်ကြီးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် ၂၄ နာရီဝန်ဆောင်မှုပေးနေသည့် Helpline ဖုန်းနံပါတ်နှင့် တိုင်ကြားမှုအား ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအကူအညီပေးသွားမည့် အကြောင်းအရာများ ပါဝင်သည့် အသိပညာပေးဆိုင်းဘုတ်အား စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)