ကော့သောင်း ဒီဇင်ဘာ ၁၁
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၅၇ ဦး၊ အမျိုးသမီး၁၉ ဦး၊ စုစုပေါင်း၇၆ ဦးအား ယမန်နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှတာဝန်ရှိသူများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက စနစ်တကျလွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှတာဝန်ရှိသူများ ကျန်းမာရေးစစ်ဆေး၊ ကုသပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက (UID) Smart card ဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာ အားကစားခန်းမသို့ တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းဇော်မြင့်နှင့် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့များက လာရောက်ကြည့်ရှု၍ နေရပ်ပြန်ပြည်သူများအား ရင်းနှီးစွာအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)