သုံးခွမြို့နယ် ညောင်လေးပင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သုံးခွ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ညောင်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ရှိန်က နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/သူလေးများအား ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းအကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ကျောင်းစာကျက်မှတ်ရာတွင် အထောက်အကူပြုစေရန်နှင့် မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်မြင့်မားလာစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ ၁၁၂ ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်ရပ်ကွက်နှင့် ကျေးရွာအခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)