ထားဝယ်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်းများ ဆောင်ရွက်

ထားဝယ်  ဒီဇင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဒို့အတူတူမဲပေးကြမယ်သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ  ၁၁  ရက်နေ့က ကမြောကင်းလမ်း ဆန်းချီလမ်းဆုံ၌ ပြည်သူများအား လက်ဝယ်အရောက် ဝေငှပေးသည်။

အဆိုပါလက်ကမ်းစာစောင်များကို တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍တိုင်း/ခရိုင်၊ မြို့နယ်ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် စည်ပင် သာယာရေးအဖွဲ့တို့က ခရီးသွားလာပြည်သူများ၊ သွားလာလှုပ်ရှားနေသောပြည်သူများနှင့် ဒေသခံပြည်သူများအား ဝေငှပေးပြီး ယာဉ်များတွင်ကပ်ပေးသည်။

ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဆောင်ပုဒ်ဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊  နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ အချက်(၄)ချက်ပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)