ကော့ကရိတ် ဒီဇင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး၊ မိသားစုဝင်ငွေ တိုးပွားလာစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးလာစေရေးတို့အတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့က ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက် ခရိုင်သီးသန့်ရဲဝင်းတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ဦးမိုးကျော်အောင်က အဖွင့် အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦးစောကြည်လင်းက သင်တန်းဖွင်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကော့ကရိတ်မြို့၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဦးခင်ဇော်က သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူ(၁)ဦးမှ လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်ပြုလုပ်နည်းများကို သင်တန်းသူ (၂၀)ဦးဖြင့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ သင်တန်းကာလ(၅)ရက်တာ စာတွေ့(၃၀%)၊ လက်တွေ့(၇၀%) ဖြင့် သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)