ထားဝယ် ဒီဇင်ဘာ ၁၁
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Gulf Petroleum Myanmar (GPM) ရေနံကုမ္ပဏီတို့က ၂ဝ၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ Block-10 တွင်တူးဖော်မည့် မင်းရဲသူသဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Gulf Petroleum Myanmar(GPM) ရေနံကုမ္ပဏီမှတာဝန်ရှိသူများက Project လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့်တက်ရောက်လာသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် Project လုပ်ငန်းအား လာရောက်ရှင်းလင်းတင်ပြသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ စီမံကိန်းသည် နိုင်ငံတော်အတွက် အရေးကြီးသောစီမံကိန်းဖြစ်သောကြောင့် အားလုံးတွင်တာဝန်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်ရေနံတွင်း တူးဖော်သည့်အချိန်တွင် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ထိခိုက်မှုနှင့်ပတ်သက်၍ဖြစ်စေ၊ လူမှုစီးပွားဘဝထိခိုက်မှုဖြစ်စေ၊ ဒေသခံပြည်သူများနှင့် ဆက်စပ်ပြီး အဆင်ပြေအောင် ညှိနှိုင်းကာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အလားတူပင် တိုင်းဒေသကြီးတွင် ရေနံနှင့်ပတ်သက်၍ ဆောင်ရွက်ထားသည်များရှိကြောင်း၊ အထူးသဖြင့် ရှိပြီးသားသဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဆောင်ရွက်ပေးရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မထိခိုက်အောင် ဆောင်ရွက်ပေးရန် စသည်တို့ကို သေချာစွာ ရှင်းလင်းဆွေးနွေးချပြပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားသည်များရှိကြောင်း၊ EIA/SIA ဆောင်ရွက်သည့်အချိန်တွင် လူထုအတွင်းဝင်ရောက်၍ သက်ဆိုင်သူများနှင့်တွေ့ဆုံကာ စီမံကိန်းအားချပြဆွေးနွေးပေးရန် လိုအပ်ကြောင်း၊ EIA/SIA နှင့်ပတ်သက်၍ ဒေသခံများနှင့် ပင်လယ်ပြင်အား မှီခို၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ရှာဖွေနေသူများအနေဖြင့် အရေးကြီးသောကြောင့် ဝိုင်းဝန်းကာလုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စီမံကိန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းသည် နိုင်ငံတော်အတွက်အရေးကြီးသော Project ဖြစ်သောကြောင့် တိုင်းဒေသကြီးအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းကာ လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)