ချမ်းအေးသာစံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ရွေးကောက်ပွဲကာလတွင် မဲရုံမှူးများနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်များ ၊ သတင်းထုတ်ပြန်ရေးအတွက် မီဒီယာများ၏ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ၊ မဲရုံများ၏ လုံခြုံရေးအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှူများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများအား တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)