မိုးနဲ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများရှိ စာသင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းများ၊ မဲရုံများအား မီးဘေးအန္တရာယ်၊ လျှစ်စစ်မီးမှတစ်ဆင့် မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်းခြင်းနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက် ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)