ခိုလမ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (နောင်ပိန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မေဦးက လူငယ်များ ကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပြင် စာပေဖတ်ခြင်းမှ ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို သိရှိပြီး လူမှုအသိုက်အဝန်းတွင် လက်တွေ့အသုံးချနိုင်ပြီး တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်၊ မိမိနိုင်ငံ၏ တည်ဆဲဥပဒေရေးရာကိစ္စရပ်များ အာရုံစိုက်လာစေရန်၊ နိုင်ငံတော်မှ လူငယ်လူရွယ်များအပေါ် အလေးအနက်တန်ဖိုးထားခြင်းကို သိရှိကာ အနာဂတ်တွင် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာအုပ်စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ကိုပြသပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)