ခိုလမ်မြို့၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ခိုလမ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)၌ လူငယ်နှင့်မူးယစ်ဆေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မေဦးက မူးယစ်ဆေး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးစတင် ပေါ်ပေါက်လာသည့်သမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ လူငယ်များမူးယစ်ဆေးသုံးစွဲပါက နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအပြင် ဘဝတိုးတက်လမ်းဖြစ်သည့် ပညာရေးကိုထိခိုက်ကာ ဘဝနိဂုံးအဆုံးသတ်ရပုံများနှင့် မူးယစ်ဆေးသုံးစွဲသူများပြားခြင်းကြောင့် နိုင်ငံ၏ လူသားအရင်းအမြစ်ဆုံးရှုံးခဲ့ရပုံများကို ၁၉ ရာစုနှစ်ကာလ တရုတ်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့၏ စီးပွားကူးသန်းရောင်းဝယ်ရေးမှဆုံးရှုံးမှုကို စံနမူနာယူရမည့်အကြောင်းရင်းများနှင့် မူးယစ်ဆေးတရားမဝင် ရောင်းဝယ်ရေးနှင့် အလွဲသုံးမှုကြောင့် ရင်ဆိုင်ရသည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းကာ အနာဂတ်နိုင်ငံတွင် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးကာ ဆွေးနွေးကြသည့် ကျောင်းသား/‌ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)