တောင်ကြီး ဒီဇင်ဘာ ၁၁
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် တောင်ကြီးမြို့နယ် အတွင်း ရှိ လမ်းများ ပြုပြင်နေမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရှိ ဇင်ယော်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုလည်းကောင်း၊ အေးသာယာမြို့၊ ရပ်ကွက်(၃) (ထုံးဖို)ရှိ နောင်အင်လမ်းဆုံ ကွန်ကရစ်လမ်းပြုပြင်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက လမ်းခင်းခြင်းလုပ်ငန်းနှင့်နှင့် လမ်းပုခုံးပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းဆုံဖြစ်သည့်အတွက် လမ်းပုခုံးများ ချောမွေ့စေရေးဆောင်ရွက်ရန်၊ လမ်းရေရှည်ခိုင်ခန့်စေရေးအတွက် ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)