ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်အတွက် အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရေပူကျေးရွာအုပ်စု ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူတစ်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဒေသခံပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်ကြောင်း သိရသည်။

ဆက်လက်ပြီး ထီရီးကျေးရွာ၊ လင်လံမြောက်ကျေးရွာနှင့် စံကားကျေးရွာများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ