ညောင်ရွှေ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသတွင်းပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အသိပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ရေပူကျေးရွာအုပ်စုအတွက် ထောက်ပံ့သည့် ဆန်အိတ်(၂၅၀)နှင့် ထီရီးအတွက်ထောက်ပံ့သည့် ဆန်အိတ်(၅၀)တို့ကို ပေးအပ်ရာ ဒေသခံကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ထီရီးကျေးရွာ၊ လင်လံမြောက်ကျေးရွာအုပ်စုနှင့် စံကားကျေးရွာအုပ်စုများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ