ချီဖွေ သြဂုတ် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ် ထောင်စုလျှင် ငွေကျပ်နှစ်သောင်းတိတိကို တတိယအကြိမ် ထောက်ပံ့ခဲ့ရာ အဆိုပါ ထောက်ပံ့ငွေများကို ချီဖွေမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်ဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ချီဖွေမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၏ နေအိမ်များထံ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ချီဖွေမြို့ပေါ် ဥက္ကပ်ရပ်ကွက် အိမ်ထောင်စု (၄၂)စု၊ ရစ်လောခေါင် ရပ်ကွက် အိမ်ထောင်စု(၈၈)စု၊ ဘာလဲ့ဒမ်ရပ်ကွက် အိမ်ထောင်စု (၁၉)စုနှင့် လိုင်မာယန် ကျေးရွာအုပ်စု မဂေါင်ကျေးရွာတွင် အိမ်ထောင်စု(၃)စု၊ စုစုပေါင်း အိမ်ထောင်စု(၁၅၂)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်ဆွေနှင့် တာဝန်ရှိသူများက ကျန်ရှိသည့်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများထံ လွှဲပြောင်းပေးအပ်ပြီး ချီဖွေမြို့ပေါ်နှင့် ကျေးရွာ၊ အုပ်စုအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု(၂၂၄၁)စု ရှိပြီး တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ သိရသည်။
နန်းမြင့်(ပြန်/ဆက်)