ဟိုပုံး ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့က နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ထီတန်းလိတ်ကျေးရွာတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်းများကို စဉ်ဆက်မပျက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယနေ့မှာတော့ ဟိုပုံးနှင့်ဆီဆိုင်မြို့နယ်၊ မဲနယ်တောင်နှင့် ပွန်ချောင်းကြားဒေသ၊ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘက်စုံသုံး၊ လက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်အမွေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ Body Scrub ထုတ်လုပ်မှုနည်းပညာတွေကို ဌာနမှာရှိတဲ့ သင်တန်းနည်းပြများက သင်တန်းသုံးပစ္စည်း၊ ကုန်ကြမ်းပစ္စည်းအပြည့်အစုံနဲ့ စာတွေ့၊လက်တွေ့ဖြင့် ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားပေးမှာဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက စံသတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ သင်တန်းသား/သူ(၃)ဦး ရွေးချယ်ပြီး လုပ်ငန်းထူထောင်ရန် လိုအပ်တဲ့ လုပ်ငန်းသုံးပစ္စည်းများကိုပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယခုလို နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နဲ့မြို့ပြနေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများထူထောင်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိလာမှာဖြစ်တဲ့အပြင် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာပြီး မိသားစုဝင်ငွေတိုးပွားလာခြင်းဖြင့် မိသားစုရဲ့ပညာရေး၊ ကျန်းမာရေးတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ပါပြီး အသေးစားစက်မှုလုပ်ငန်းများမှသည် အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းရှင်များဖြစ်သည်အထိ တက်လှမ်းနိုင်အောင်ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့်အဖွဲ့ဝင်များက သင်တန်းသား/သူများအား သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့် အဖွဲ့ဝင်များက ထီတန်းလိတ်ကျေးရွာနှင့် ကျောက္ကချားကျေးရွာရှိ သက်ကြီးဘိုးဘွားများအား အနွေးထည်နှင့်အနွေးဦးထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)