ငါ့သရောက်မြို့၌ ထန်းဆွဲမြူအိုးများ ထန်းတက်ရာသီအမီ စတင်လုပ်ကိုင်နေပြီဖြစ်

ညောင်ဦး ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရိုးရာအိုးလုပ်ငန်း အမြဲလုပ်ကိုင်နေသည့် တောင်ကုန်းကျေးရွာနေ ဦးနေလင်းထံက သိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး တစ်ရွာလုံးနီးပါးရိုးရာ အိုးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး ရပ်တည်လျက်ရှိသည်။

အိုးပြုလုပ်ရာတွင် လုပ်ငန်းသုံးမြေသား အချွဲနှင့်မြေသားအကြမ်း နှစ်မျိုးသာလိုသည်။ အိုးလုပ်မည့်မြေများကို တောင်ကုန်းကျေးရွာ တောင်ဘက်နှစ်ဖာလုံအကွာနှင့် ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူကျေးရွာ မြောက်ဘက်တွင် သွားရောက်မြေတူးယူနိုင်ကြောင်း၊ ဖောကားတစ်စီးလျှင် ရှစ်သောင်းကျပ်ပေးတိုက်ရကြောင်း သိရသည်။

တောင်ကုန်းကျေးရွာ၌ အိုးအမျိုးမျိုးအား ပုံဖော်သူ (အိုးထွင်းသူ) အိုးပညာရှင်မှာ အမျိုးသမီးများသာဖြစ်ပြီး အမျိုးသားများက မြေနယ်ခြင်း၊ အိုးပြင်စက်လှဲ့ခြင်း၊ မြေသယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အိုးလုပ်ငန်း စတင်လုပ်ကိုင်သည့် နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလသည် အိုးလုပ်ငန်းလှိုင်လှိုင်လုပ်ကိုင်သည့် လများဖြစ်သည်။

ညောင်ဦးမြို့နယ် တောင်ကုန်းကျေးရွာထွက် ပြာသိုသောက်ရေအိုးနှင့် ထန်းဆွဲမြူအိုးတို့မှာ နာမည်ရအိုးလုပ်ငန်း၏ အမှတ်အသားပင်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထန်းတက်ဒေသများမှ လာရောက်ဝယ်ယူကြရာ ကျောက်ပန်းတောင်းမြို့နှစ်ကျပ်ခွဲရွာ၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာ၊ တက်မကျေးရွာ၊ တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ၊ တောင်သာမြို့၊ ပခုက္ကူမြို့နှင့် ငါ့သရောက်မြို့တို့မှ တောင်ကုန်းကျေးရွာမှ ထွက်ရှိသည့် အိုးများကိုသာ သုံးကြကြောင်း အိုးလုပ်ငန်းရှင် ဦးမြင့်ဆွေကပြောကြား၍ သိရသည်။

တောင်ကုန်းကျေးရွာတွင် စုပေါင်းအိုးဖုတ် (အိုးဖို) ကုန်းသုံးနေရာရှိပြီး မဲနှိုက်ကာ မဲကျသည့် အိုးဖုတ်(အိုးဖို) ကုန်းတွင်သာ အိုးဖိုကြသည်။

အိုးတစ်ခါဖုတ်လျှင် အိုးလုပ်ငန်းလုပ်ကိုင်သူ သုံးဦးထိအိုးဖုတ်ကြပြီး တောင်ကုန်းကျေးရွာထွက် အိုးအမျိုးမျိုးသည် ပါးလွှာပြီး ခိုင်ခံ့သည့်အတွက် လူကြိုက်များကြသည်။ တောင်ကုန်းကျေးရွာမှ ပြာသိုသောက်ရေအိုး၊ ထန်းဆွဲမြူအိုး၊ လက်ဆေးမြေဇလုံ၊ ဟင်းချက်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ရိုးရာအရက်ချက်ပေါင်းအိုး၊ မြေပန်းအိုး၊ မုန့်ပျားသလက်အိုးခင်း၊ မြေသားစုဘူး၊ မြေသားဘုရားပန်းအိုး၊ မြေသားမီးဖို၊ ဆားထည့်အိုးငယ်၊ အိုးပုတ်ချိုးရုပ်များ လုပ်ကိုင်ကြကြောင်း သိရကာ ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုး စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း