တံတားဦး ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
လုပ်ငန်းညှိနှုင်းအစည်းအဝေးတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြစ်သော မဲစာရင်းများမှန်ကန်စေရေး၊ ဆန္ဒမဲပေူပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဒါ့အပြင် မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းများလည်းဖွင့်လှစ်ပို့ချပေးခဲ့ပြီး ပြည်သူလူထုများ မဲပေးစက်ဖြင့် မဲပေးတတ်စေရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ သရုပ်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအကြိမ် မဲစာရင်းကြေညာခြင်းအား ၂၀၂၅ ခုနှစ်အောက်တိုဘာလ(၂)ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့အထိ ကြေညာပေးခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင်လည်း ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့အထိ ကြေညာလျက်ရှိပါကြောင်း၊ ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကိုလည်း ယနေ့အချိန်ထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကြိုတင်ပြင်ဆောင်ရွက်မှုများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေ့သည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)